လူထုဒေါ်အမာ

ဒေါ်အမာ (လူထု ဒေါ်အမာ) (၁၉၁၅ - ၂ဝဝ၈)

မြန်မာပြည် လွတ်လပ်ရေး လှုပ်ရှားမှု၊ မြန်မာပြည် ငြိမ်းချမ်းရေး လှုပ်ရှားမှု၊ မြန်မာ့ စာပေ စာနယ်ဇင်း လောကရဲ့ မီးရှုးတန်ဆောင်၊ အဖိနှိပ်ခံ ပြည်သူတို့ဘက်က အစဉ်အမြဲ ရပ်တည်ခဲ့တဲ့ နေတစင်း၊ လတစင်းဖြစ်သူ လူထုချစ်တဲ့ လူထုမိခင် လူထု ဒေါ်အမာ (အသက် ၉၃ နှစ်)၊ အစားထိုးစရာလည်း မရှိသလို၊ အစားထိုးလို့လည်း မရတဲ့ မဟာမှိုင်းရဲ့ အမွေခံ သမီး အမေမာ ဒါမဟုတ် လူထုချစ်တဲ့ လူထုရဲ့မိခင် သတင်းစာ၊ စာရေးဆရာမကြီး လူထု ဒေါ်အမာရဲ့ အတ္ထုပ္ပတ္တိအကျုဉ်း ဖြစ်သည်။ လူထု ဒေါ်အမာသည် အမျိုးသား ခေါင်းဆောင်ကြီး ဗိုလ်ချုပ်အောင်ဆန်း၊ ဆရာကြီးဒဂုံတာရာတို့နှင့် ခေတ်ပြိုင် ဖြစ်သည်။

ကိုယ်ရေးဖြစ်စဉ်

  • လူထုဒေါ်အမာကို မန္တလေးမြို့ ဂုန္တန်ရပ် ၌ အဘ ဦးထင် ၊ အမိ ဒေါ်စု တို့မှ ၁၉၁၅ ခု၊ နိုဝင်ဘာ ၂၉ ရက် တနင်္လာ နေ့ တွင် မွေးဖွား ခဲ့ပြီး မွေးချင်း ၁၂ ဦး ရှိသည့် အနက် စတုတ္ထ မြောက် ဖြစ်သည်။ အမည်ရင်း မှာ အမာ ဖြစ်သည်။ နဂါးဒေါ်ဦး နှင့် ညီအစ်မ တော်သည်။
  • ၁၉၂ဝ ခုနှစ်တွင် မန္တလေးမြို့ ဒေါ်စောအုံ၏ အမျိုးသမီး နေရှင်နယ်ကျောင်း၌ ဒုတိယတန်း အထိ ပညာ သင်ကြားခဲ့သည်။ ABM (American Baptist Mission School) အေဘီအမ် ကျောင်းတွင် ၁၉၂၃ မှ ၁၉၃၁ ထိ ပညာဆက်လက် သင်ကြားခဲ့ပြီး ဆရာကြီးဦးရာဇတ် မန္တလေး ဗဟိုအမျိုးသားကျောင်းမှ ၁၉၃၃ တွင် ဆက်တန်းကို အောင်မြင်ခဲ့သည်။ ဆရာကြီးဦးရာဇတ်၏ နေရှင်နယ်ကျောင်းတွင် ကိုဗဟိန်းတို့နှင့် ကျောင်းနေဘက်များ ဖြစ်သည်။ မန္တလေး ဥပစာကောလိပ်တွင် ဓာတု၊ရူပ၊ သချာင်္ ဘာသာ တွဲယူ၍ တက်ရောက်ခဲ့ပြီး (၁၉၃၃-၁၉၃၅)၊ ရန်ကုန် တက္ကသိုလ် (၁၉၃၆-၁၉၃၇) တို့တွင် ပညာ ဆည်းပူး ခဲ့သည်။ ၁၉၃၆ တွင် အင်းလျားဆောင် သဟာယနှင့် စာဖတ် အသင်း၏ အတွင်းရေးမှူး အဖြစ် ဆောင်ရွက်ခဲ့သည်။ ၁၉၃၆ ဒုတိယ ကျောင်းသား သပိတ်ကြီးတွင် တက်ကြွစွာ ပါဝင် ခဲ့သည်။ အိုးဝေ မဂ္ဂဇင်း၊ ကြီးပွားရေး မဂ္ဂဇင်း၊ ဘားမား ဂျာနယ် တို့တွင် ဝတ္ထု၊ ဆောင်းပါးများ ရေးသား ခဲ့သည်။ ကြီးပွားရေး ဦးလှနှင့် စတင် သိကျွမ်း ခဲ့ပြီး၊ ကြီးပွားရေး မဂ္ဂဇင်း၌ ကလောင် အမည် ခင်လဝင်း၊ မြမဉ္စူ ကလောင် အမည်များဖြင့် ရေးသား ခဲ့သည်။ ၁၉၃၇ ခုနှစ်တွင် ဘီအေ နောက်ဆုံးနှစ် စာမေးပွဲ ကျရှုံးပြီး ကျောင်းထွက်သည်။ ထိုနောက် မန္တလေး၌ မြန်မာ စက္ကူဆိုင် ဖွင့်ခဲ့သည်။
  • ၁၉၃၈ တွင် မောရစ် ကောလစ် (Maurice Collis) ၏ Trails In Burma စာအုပ်ကို ‘မြန်မာပြည်တွင် စစ်ဆေးခဲ့သော အမှုအခင်းများ’ အမည်ခြင့် ဆရာကြီး ဦးရာဇတ်၏ တိုက်တွန်းချက် အရ တက္ကသိုလ် သပိတ်မှောက် ကျောင်းသူ အမာ အမည်ဖြင့် ဘာသာပြန် ထုတ်ဝေ ခဲ့ရာ ယင်း စာအုပ်ဖြင့် စာပေနယ်တွင် အမည် ထင်ရှားလာခဲ့သည်။
  • ၁၉၃၉ ခုနှစ်၊ နိုဝင်ဘာလ ၁၃ ရက်တွင် ကြီးပွားရေး ဦးလှနှင့် လက်ထပ် ခဲ့ပြီး၊ သားသမီး ၅ ဦး ဖြစ်တဲ့ ကိုစိုးဝင်း (ရဲဘော် ထွန်းကျော်)၊ ဒေါက်တာ ဒေါ်သန်းရင်မာ၊ ကိုဖိုးသံချောင်း၊ ဒေါ်တင်ဝင်းနဲ့ ကိုငြိမ်းချမ်း (စာရေး ဆရာ ညီပုလေး) တို့ ထွန်းကားခဲ့သည်။ သားအကြီးဆုံး ကိုစိုးဝင်းနဲ့ တတိယသား ကိုဖိုးသံချောင်း တို့သည် လက်နက်ကိုင် တော်လှန်နေသည့် ဗမာပြည် ကွန်မြူနစ် ပါတီ (ဗကပ) နှင့် သွားရောက် ပူးပေါင်းခဲ့ကြသည်။ ကိုစိုးဝင်းသည် ဗကပရဲ့ ပါတီတွင်း အစွန်းရောက် ဖြုတ် ထုတ် သတ် လှုပ်ရှားမှုများတွင် အသက်စတေး သွားခဲ့ရပြီး၊ ကိုဖိုးသံချောင်းကတော့ ဗကပမှာ ရှိနေဆဲ ဖြစ်သည်။
  • နိုင်ငံရေးကြောင့် မိသားစု တစ်ခုလုံး သေကွဲရော ရှင်ကွဲပါ အကွဲကွဲ အပြားပြား ကြုံတွေ့ ခဲ့ရသော်လည်း လောကဓံ အထု အထောင်းကို ကြံ့ကြံ့ခံကာ နောက်ဆုံး အချိန် အထိ နိုင်ငံရေး လူမှုရေး အရ ပြည်သူ လူထုဘက်က ခိုင်ခိုင်မာမာ ရပ်တည်ခဲ့သူ လူထု ချစ်တဲ့ စာရေး ဆရာမကြီး တစ်ဦး ဖြစ်သည်။
  • ၁၉၄၂ - ၄၄ ခု ဒုတိယ ကမ္ဘာစစ်ကြီး အတွင်း ကပိုင်ရွာကို ခေတ္တ ပြောင်းရွှေ့ နေထိုင်ပြီး၊ စာအုပ် ထုတ်ဝေရေး လုပ်ငန်းတွေကို ဆက်လက် လုပ်ကိုင် ခဲ့သည်။
  • ၁၉၄၅ ဇူလိုင်မှာ လူထု ဂျာနယ် စတင် ထုတ်ဝေတဲ့ အခါ လက်ထောက် အယ်ဒီတာ အဖြစ် ဆောင်ရွက် ခဲ့ပြီး၊ ၁၉၄၆ ဧပြီ ၁၉ ရက်နေ့မှာ လူထု သတင်းစာ စတင် ထုတ်ဝေတဲ့ အခါ အယ်ဒီတာ အဖွဲ့ဝင် အဖြစ် ဆောင်ရွက်ကာ ‘ဖခင် အောင်နိုင်’ ကလောင်ခွဲနဲ့ ‘နိုင်ငံရေး ဆွေးနွေးခန်း’ ပင်တိုင် ဆောင်းပါးကို ရေးသား ခဲ့သည်။ ၁၉၄၆ မေလမှာ လူထု ဂျာနယ်ကို ရပ်နား ခဲ့သည်။
  • ၁၉၄၇ မှာ လူထု ဦးလှနဲ့ အတူ လွတ်လပ်ရေး အတွက် ဦးဆောင် နေတဲ့ ဖဆပလ အဖွဲ့ရဲ့ အာဘော်နဲ့ ထပ်တူ ရေးသား တိုက်ပွဲဝင် ခဲ့သည်။
  • ၁၉၄၉ မှာ လူထု သတင်းစာနဲ့ ကြီးပွားရေး ပုံနှိပ်စက်များ တည်ရှိရာ အဆောက်အဦကို စစ်တပ်က ဒိုင်းနမိုင်းနဲ့ ဖောက်ခွဲ ဖျက်ဆီးခဲ့သည်။ ၁၉၄၉ ဧပြီ ၂၄ ရက်နေ့မှာ လူထု သတင်းစာ ပိတ်ပင် ခံရသည်။ ခင်ပွန်းသည် လူထု ဦးလှ၊ သား ညီပုလေး (ကိုငြိမ်းချမ်း) တို့နဲ့ အတူ ထိန်းသိမ်းခံရသည်။ အထိမ်းသိမ်း ခံရသည်မှာ ၁ နှစ်၊ ၁ လ၊ ၁ ရက် ကြာမြင့် ခဲ့ပြီး၊ ၁၉၇၉ ခု သြဂုတ်လ ၂၂ ရက်နေ့ မှာမှ ပြန်လည် လွတ်မြောက် ခဲ့သည်။
  • ၁၉၅ဝ နိုဝင်ဘာ ၁ ရက်နေ့မှာ ပိတ်ထားတဲ့ လူထု သတင်းစာကို ပြန်လည် ထုတ်ဝေ ခဲ့သည်။ သြဂုတ် ၁ ရက်နေ့မှာ လူထု ဂျာနယ်ကို ပြန်လည် ထုတ်ဝေ ခဲ့သည်။ လူထု ဂျာနယ်နှင့် လူထု သတင်းစာကို တွဲ၍ ပြန်လည် ထုတ်ဝေ ခဲ့ချိန်မှ စ၍ ခင်ပွန်း နှင့်အတူ သတင်းစာ၊ ဂျာနယ် လုပ်ငန်း များကို ဇောက်ချ လုပ်ကိုင် ခဲ့ပြီး၊ လူထု ဒေါ်အမာ ဟူ၍ အမည် တွင်လာ ခဲ့သည်။
  • ၁၉၅၃ ဇွန် ၆ ရက်တွင် ကမ္ဘာ့ ဒီမိုကရက်တစ် အမျိုးသမီး ညီလာခံ (ကိုပင်ဟေဂင်)၊ ၁၅ ရက်မှာ ကမ္ဘာ့ ငြိမ်းချမ်းရေး ညီလာခံ (ဟန်ဂေရီ၊ ဘူဒါပက်)၊ ဂျူလိုင် ၂၅ ရက်မှာ ဒုတိယ အကြိမ် ကမ္ဘာ့ လူငယ်နဲ့ ကျောင်းသား ပွဲတော် (ရူမေးနီးယား၊ ဘူခါရက်စ်) တို့ကို တက်ရောက် ခဲ့သည်။
  • ၁၉၅၃ မှာ လူထု ဦးလှ ပုဒ်မ ၅ နဲ့ အဖမ်း ခံရသဖြင့် လူထု သတင်းစာ ခေါင်းကြီးတွေကို တာဝန်ခံ ရေးသား ခဲ့သည်။
  • ၁၉၅၉ မတ် ၁၂ ရက်မှာ လူထု သတင်းစာ ချိတ်ပိတ် ခံရသည်။
  • ၁၉၆ဝ မေ ၁ဝ ရက်မှာ လူထု သတင်းစာ ပြန်လည် ထွက်ရှိ ခဲ့သည်။
  • ၁၉၆၂ ဖေဖော်ဝါရီ ၃ ရက် အေရို ဖလုတ် လေကြောင်း ဖွင့်ပွဲသို့ သတင်းစာ ဆရာ ကိုယ်စားလှယ် အဖြစ် ဖိတ်ကြား ခံရ သဖြင့် မော်စကိုသို့ သွားရောက် ခဲ့သည်။ အပြန်တွင် အရှေ့ ဂျာမဏီ၊ ချက်ကို စလိုဗက်ကီးယားနှင့် တရုတ် ပြည်သူ့ သမ္မတ နိုင်ငံများကို လည်ပတ် ခဲ့သည်။ ဒီ ဥရောပ ခရီးစဉ် တွေကို ‘ဆိုရှယ်လစ် တိုင်းပြည် များသို့’ အမည်ဖြင့် စာအုပ် ရေးသား ထုတ်ဝေ ခဲ့သည်။
  • ၁၉၆၄ တွင် ‘ပြည်သူ ချစ်သော အနုပညာရှင်များ’ စာအုပ်ဖြင့် စာပေဗိမာန် မြန်မာ့ ယဉ်ကျေးမှု အနုပညာ ဆိုင်ရာ စာပေ ပထမဆုကို ရရှိ ခဲ့သည်။
  • ၁၉၆၇ ဇူလိုင် ၇ ရက်မှာ လူထု သတင်းစာ ရပ်စဲ ခံရသည်။
  • ၁၉၇ဝ မတ်လ ၃ ရက်နေ့မှာ ကျင်းပတဲ့ မန္တလေး ကွန်သာယာ စာတမ်း ဖတ်ပွဲမှာ ‘ဗမာ့ ဖန်ကျီ လုပ်ငန်း’ စာတမ်းကို ဖတ်ကြား ခဲ့သည်။ ၁၉၇၁ မန္ဈလေး ဓမ္မ ဗိမာန်မှာ ‘ကနေ့ ဗမာသဘင်’ စာတမ်းကို ဖတ်ကြား ခဲ့သည်။ ၁၉၇၆ သြဂုတ် ၁၉ ရက်နေ့ ဟံသာဝတီ သတင်းစာ ‘စနေ စာပေဝိုင်း’ စာတမ်း ဖတ်ပွဲတွင် ‘အတ္ထုပ္ပတ္တိ စာပေ’ စာတမ်း ဖတ်ကြား တင်သွင်း ခဲ့သည်။
  • ၁၉၇၈ သြဂုတ် ၂၁ ရက်နေ့မှာ ခင်ပွန်းသည် လူထု ဦးလှ၊ သား ညီပုလေး (ကိုငြိမ်းချမ်း) တို့နဲ့ အတူ ထိန်းသိမ်း ခံရသည်။ အထိမ်းသိမ်း ခံရသည်မှာ ၁ နှစ်၊ ၁ လ၊ ၁ ရက် ကြာမြင့် ခဲ့ပြီး၊ ၁၉၇၉ ခု သြဂုတ်လ ၂၂ ရက်နေ့ မှာမှ ပြန်လည် လွတ်မြောက် ခဲ့သည်။
  • ၁၉၈၂ သြဂုတ်လ ၇ ရက်နေ့၌ ခင်ပွန်းသည် လူထု ဦးလှ ကွယ်လွန် ခဲ့သည်။
  • ၁၉၈၄ မတ် ၄ မှာ လောင်ကျွမ်းတဲ့ မန္တလေး မီးကြီးမှာ ကြီးပွားရေး စာအုပ်တိုက်၊ ပုံနှိပ်တိုက်၊ စက္ကူ သိုလှောင်ရုံတွေ မီးလောင် ဆုံးရှုံး ခဲ့သည်။ ၁၉၈၅ နိုဝင်ဘာ ၂၉၊ အသက် (၇ဝ) ပြည့် မွေးနေ့က စပြီး အမရပူရ တောင်လေးလုံး ကျောင်းမှာ မွေးနေ့ပွဲ နှစ်စဉ် ကျင်းပသည်။
  • ၁၉၉၂ ခုနှစ် အတွင်း ရနံ့သစ် မဂ္ဂဇင်း၌ ဇမ္ဗူ ဒီပါ အောင်ထွန်း ကလောင် အမည်ခွဲဖြင့် နိုင်ငံတကာ ဆောင်းပါးများကို ရေးသား ခဲ့သည်။
  • ၁၉၉၅ မန္တလေးမြို့ ဗဟို အမျိုးသားကျောင်း ကျောင်သား ဟောင်းများ ဦးစီး ထုတ်ဝေတဲ့ (၇၅) ကြိမ်မြောက် အမျိုးသားနေ့ စိန်ရတု အထိမ်းအမှတ် မဂ္ဂဇင်း တာဝန်ခံ အယ်ဒီတာ အဖြစ် ဆောင်ရွက် ခဲ့သည်။

နဒီ မြန်မာ ဦးအောင်ခိုင်၊ ဒေါ်ညိုမီ မိသားစုမှ နာရေးယာဉ် တစီး လှူဒါန်းပြီး၊ တောင်စလင်း ဆရာတော် ဦးတိက္ခက ကျောင်းဝင်း အတွင်း ပေ နှစ်ရာ ပတ်လည် မြေကွက်ကို အသုံးပြုခွင့် ပေးသဖြင့် ၁၉၉၈ မေ ၇ ရက်နေ့မှာ ဗြဟ္မစိုရ် လူမှု ကူညီရေး အသင်းကို မန္တလေးတွင် စတင် ဦးဆောင် ဖွဲ့စည်း ခဲ့သည်။ ၎င်းအသင်းတွင် နာယက အဖြစ် တာဝန် ယူသည်။ နာရေး ကူညီမှု အပိုင်းမှာ အသားကျ လာသည့် အခါ ကျန်းမာရေး ကူညီမှု များကို ၂ဝဝဝ ခုနှစ် ဧပြီလ ၄ ရက်နေ့မှ စပြီး ကူညီ ပေးခဲ့သည်။
ထင်ရှားသော စာအုပ်များမှာ မြန်မာပြည်တွင် စစ်ဆေး ခဲ့သော အမှုအခင်းများ (၁၉၃၈)၊ စန္ဒမာလာ (၁၉၄ဝ)၊ ပြည်သူ ချစ်သော အနုပညာသည်များ (၁၉၆၄)၊ ဘဝချင်း မတူသည့် တရုတ်ပြည် (၁၉၆၆)၊ အောင်ဗလ ဖိုးစိန် စိန်ကတုံး (၁၉၆၇) ၊ ရွှေရိုး ဦးဘကလေး (၁၉၆၉)၊ ရွှေမန်း တင်မောင် (၁၉၇ဝ)၊ အငြိမ့် (၁၉၇၃)၊ ရွှေဒေါင်းတောင် ဆောင်းပါးများ (၁၉၇၅)၊ ဆရာကြီး သခင် ကိုယ်တော်မှိုင်း (၁၉၇၆)၊ အာဖရိက ဝတ္ထုတိုများ (၁၉၈၉)၊ မန္တလေးသူ မန္တလေးသားများ (၁၉၉၁)၊ ထိုင်း ဝတ္ထုတိုများ (၁၉၉၂)၊ ထိုင်း ဝတ္ထုတိုများ (၂) (၁၉၉၃)၊ ရတနာပုံ မန္တလေး ကျွန်မတို့ မန္တလေး (၁၉၉၃)၊ သာသနာ့ တန်ဆောင် ဆရာတော်ကြီးများ (၁၉၉၄)၊ ကျွန်မတို့ ငယ်ငယ်က (၁၉၉၄)၊ အမေ့ ရှေးစကား (၁၉၉၇) တို့ ဖြစ်ကြသည်။

ဘ၀နိဂုံး

လူထု ဒေါ်အမာ (၉၂)နှစ်သည် ၂၀၀၈-ခု ဧပြီလ (၇) ရက် မနက် ၈ နာရီ ၃၇ မိနစ်တွင် မန္တလေး ဆေးရုံကြီး၌ နှလုံးရောဂါဖြင့် ကွယ်လွန် သွားခဲ့သည်။ ကွယ်လွန်ချိန်တွင် သားသမီး (၄) ဦးဖြစ်သော ရဲဘော် ဖိုးသံချောင်း၊ ဦးငြိမ်းချမ်း(ခေါ်)ညီပုလေး(စာရေးဆရာ)၊ ဒေါက်တာ သန်းရင်မာနှင့် ဒေါ်တင်ဝင်းတို့ ကျန်ရစ်သည်။ ရုပ်အလောင်းကို သမီးအကြီး မြမဉ္ဇူအိမ်တွင် ထားရှိပြီး ဈာပန အခမ်းအနားကို မနက်ဖြန် နံနက် (၁ဝ) နာရီတွင် ကြာနီကန် သုဿာန်တွင် မီးသဂြုင်္ိဟ်၍ အရိုးပြာကို ဧရာဝတီမြစ် လည်ခေါင်မှာ မျှောခဲ့သည်။

ပင်ကိုယ်ရေး စာအုပ်များ

  1. ကမ္ဘာ့ အကြီးဆုံး စာအုပ် - ၁၉၄၅ ခုနှစ်
  2. ဂျုံနှင့် စစ်သား (ပ) - ၁၉၄၅ ခုနှစ်
  3. သက်တန့်ရောင် (ပ၊ ဒု) - ၁၉၄၅ ခုနှစ်
  4. သမ္မတ ဟိုချီမင်း အတ္ထုပ္ပတ္တိ - ၁၉၅ဝ ခုနှစ်
  5. ကောလစ် ကြုံခဲ့ ရတဲ့ မြန်မာပြည် - ၁၉၆ဝ ခုနှစ်
  6. ဆိုရှယ်လစ် တိုင်းပြည်များသို့ - ၁၉၆၃ ခုနှစ်
  7. အလှပြုပြင်နည်း - ၁၉၆၃ ခုနှစ်
  8. ပြည်သူ ချစ်သော အနုပညာရှင်များ - ၁၉၆၄ ခုနှစ် (မြန်မာ့ယဉ်ကျေးမှုနှင့် အနုပညာဆိုင်ရာစာပေ ပထမဆုရ)
  9. အောင်ဗလ၊ ဖိုးစိန်၊ စိန်ကတုံး - ၁၉၆၇ ခုနှစ်
  10. ရွှေရိုးဘကလေး (ပ၊ ဒု) - ၁၉၆၉ ခုနှစ်
  11. ရွှေမန်းတင်မောင် - ၁၉၇ဝ ခုနှစ်
  12. အငြိမ့် (ပ၊ ဒု) - ၁၉၇၃ ခုနှစ်
  13. ကမ္ဘာ့အကြီးဆုံး စာအုပ် (ဒေါက်တာသန်းထွန်းမှ အင်္ဂလိပ်ဘာသာပြန်)- ၁၉၇၃ ခုနှစ်
  14. ရွှေဒေါင်းတောင် ဆောင်းပါးများ - ၁၉၇၅ ခုနှစ်
  15. ဆရာကြီး သခင် ကိုယ်တော်မှိုင်း - ၁၉၇၆ ခုနှစ်
  16. ချင်းတွင်းမှ ပင်လယ်သို့ - ၁၉၈၅ ခုနှစ်
  17. မြန်မာ့ မဟာဂီတ - ၁၉၈၉ ခုနှစ်
  18. ဆေးလိပ်နဲ့ လူသား (လူထု ဦးလှနှင့် တွဲလျက်) - ၁၉၉ဝ ခုနှစ်
  19. မန္တလေးသူ မန္တလေးသားများ - ၁၉၉၁ ခုနှစ်
  20. ရတနာပုံမန္တလေး၊ မန္တလေး ကျွန်မတို့မန္တလေး - ၁၉၉၃ ခုနှစ်
  21. သာသနာ့ တန်ဆောင် ဆရာတော်ကြီးများ - ၁၉၉၄ ခုနှစ်
  22. ကျွန်မတို့ ငယ်ငယ်က - ၁၉၉၄ ခုနှစ်
  23. ရွှေဒေါင်းတောင် ဆောင်းပါးများ (ဒေါ်ယဉ်ယဉ်မြ ဂျပန်ဘာသာပြန်) - ၁၉၉၄ ခုနှစ်
  24. ကမ္ဘာ့အကြီးဆုံး ကျောက်ဆင်း ထုတော် - ၁၉၉၆ ခုနှစ်
  25. အမေ့ ရှေးစကား - ၁၉၉၇ ခုနှစ်
  26. တောင်လေးလုံးမှ နတ်ကျွန်းထိ - ၁၉၉၇ ခုနှစ်
  27. မြန်မာ့ ခေတ်သစ် ပန်းချီ - ၁၉၉၇ ခုနှစ်
  28. ၈၃ နှစ် ၈၃ ခွန်း လက်ကမ်း စာစောင် - ၁၉၉၈ ခုနှစ်
  29. တောင်အာရှ ပြတင်းပေါက်များ - ၁၉၉၉ ခုနှစ်
  30. အမေ့ ရှေးစကား ဒုတိယတွဲ - ၂ဝဝဝ ခုနှစ်
  31. ငယ်က ကျွမ်းတဲ့ ခင်ပွန်းသည်သို့ - ၂ဝဝ၁ ခုနှစ်
  32. ၁၂ ပွဲ ဈေးသည်နှင့် ကျွန်မတို့ အညာ - ၂ဝဝ၂ ခုနှစ်
  33. လွမ်းသူ့စာ - ၂ဝဝ၃ ခုနှစ်
  34. စာအုပ်ဆိုင်က လူဝင် လူထွက် အတွေးအမြင် ဆောင်းပါးများ - ၂ဝဝ၄ ခုနှစ်

ဘာသာပြန်

  1. မြန်မာပြည်တွင် စစ်ဆေးခဲ့သော အမှုအခင်းများ (Trails in Burma by Maurice Collis)(ပ၊ ဒု) - ၁၉၃၈ ခုနှစ်
  2. စန္ဒမာလာ (Sandamala by Maurice Collis) (ပ၊ ဒု) - ၁၉၄ဝ ခုနှစ်
  3. ဂျုံနှင့် စစ်သား (ပ) (War & Soldier by Ashihei Heno) - ၁၉၄၅ ခုနှစ်
  4. သက်တန့်ရောင် (ပ၊ ဒု) (The Rainbow by Wande Wasilewska) - ၁၉၄၅ ခုနှစ်
  5. ကွန်မြူနစ် တရုတ်ပြည် အင်အားပြိုင်ပွဲ (The Challenge of Red China by Ganther Stein)(ပ၊ ဒု) - ၁၉၄၉ ခုနှစ်
  6. ငြိမ်းချမ်းရေးသို့ - ၁၉၅၃ ခုနှစ်
  7. အိုယန်ကီးတို့ - ၁၉၆၃ ခုနှစ်
  8. ဘဝချင်း မတူသည့် တရုတ်ပြည် - ၁၉၆၃ ခုနှစ်
  9. ငွေနှင့် လက်နက် - ၁၉၆၃ ခုနှစ်
  10. တော်လှန်တဲ့ တရုတ်ပြည် ကျွန်တော် မှတ်မိသမျှ - ၁၉၇၈ ခုနှစ်
  11. အာဖရိကဝတ္ထုတိုများ - ၁၉၈၉ ခုနှစ်
  12. ထိုင်း ဝတ္ထုတိုများ (၁) - ၁၉၉၂ ခုနှစ်
  13. ထိုင်း ဝတ္ထုတိုများ (၂) - ၁၉၉၃ ခုနှစ်

အမှတ်တရ

လူထု ဒေါ်အမာ သေဆုံးပြီးနောက် သူ့အား အမှတ်တရ ဂုဏ်ပြုသည့် အနေဖြင့် မေမြို့၊ အိမ်တော်လမ်း၌ အမှတ်တရ ကျောက်စာတိုင်ကို စိုက်ထူထားသည်။

ကိုးကား စာအုပ် စာရင်း

  1. လူထုအမေ နှစ် ၉ဝ အမှတ်တရ စကားစု စာစုများ (၂၉ နိုဝင်ဘာ ၂ဝဝ၅ ထုတ်)။
  2. နှစ်ဆယ်ရာစု မြန်မာ စာရေး ဆရာများနှင့် စာစုစာရင်း၊ ပြန်ကြားရေးနှင့် ပြည်သူ့ ဆက်ဆံရေး ဦးစီး ဌာန (ရုံးချုပ်) စာတည်း အဖွဲ့မှ စုဆောင်း ပြုစုသည်။ (၂ဝဝ၃ ဧပြီလ ထုတ်)။